Sunday, July 17, 2016

စစ်ပွဲတွေရပ်ပြီးကျောင်းတွေဖွင့်ရအောင်။

၁၈၀၆ခုနှစ် ပရပ်ရှန်း(ဂျာမဏီ) နှင့်ပြင်သစ်စစ်ဖြစ်တယ်။ယေးနားမြို(Jena)မြိုမှာ ပရပ်ရှန်းတွေအတုန်းအရုံး မရှု မလှကျဆုံးတယ်။ပရပ်ရှန်းတွေကအဲဒီအဖြစ်အပျက်ကို ယေးနားကံဆိုးမိုးမှောင်ကျမှု (Disaster of Jena)လို့ခေါ်တယ်။ပရပ်ရှန်းတွေရဲဇာတိမာန်ကျင်စက်နဲအတို့ ခံရသလို့ Shockရသွားခဲ့တယ်။ ပညာရေးကိုပြုပြင်တယ် ပညာရေးကိုပုဂ္ဂိလိက မိသားတစု လူတစုကိစ္စအဖြစ်မစဉ်းစားတော့ဘဲအမျိုးသားရေးအဖြစ်နဲပြုပြင်လိုက်တော့တယ်။၁၈၇၀ တတိယနပိုလီယန်လက်ထက်မှာပြင်သစ်နဲပရပ်ရှားနောက်တကြိမ်စစ်ဖြစ်ပြန်တယ် ဒီအခါတော့ပြင်သစ်တို့ စစ်ရှုံးခဲ့ရပြီSedan မြို တိုက်ပွဲမှာတတိယနပိုလီယံလက်နက်ချခဲ့ရတယ်။သမိုင်းမှာ ပရပ်ရှန်းကျောင်းဆရာအောင်ပွဲလို့ ခေါ်တယ်(Victory of Prussian Schoolmasters)ပညာရေးစံနစ်ပြင်လိုက်တဲ့အတွက်လူတွေစည်းကမ်းရှိလာတယ် ဥာဏ်ပညာထက်မြက်လာတယ် တာဝန်သိတတ်လာတယ် စည်းရုံးလာတယ်အဲဒီပညာရေးပြုပြင်မှုကြောင့်ပြင်သစ်ကိုနိုင်ခဲ့တာဖြစ်တယ်အဲဒီအချိန်ကစပြီးဥရေားပမှာဂျာမဏီဟာတန်ခိုးထွားလာပြီးတခန်တနားထင်ရှာလာခဲ့တယ်။ပညာရေးပြုပြင်ပြောင်းလွဲပြီး ၆၄နှစ်ကြာမှာပြန်နိုင်ခဲ့တာဖြစ်တယ်ကျွှန်တော်တို့ မြန်မာပြည်မှာအင်္ဂလိပ်နဲစစ်ဖြစ်ပြီးစစ်ပွဲ၂ရှုံးထားတယ် Shockရပြီးမင်းတုန်းမင်လက်ထက်မှာပြင်ဘိုကြိုးစားတယ် နောက်ကျခဲ့တယ် လွတ်လပ်ရေးဆုံးရှုံးခဲ့ရတယ်နှစ်ပေါင်၁၀၀ကျော်ကြာမှလွတ်လပ်ရေးပြန်ရတယ်ပြင်ဘို့ လုပ်တယ်ပြည်တွင်စစ်နဲတိုးတယ်တိုင်းရင်သားအချင်းချင်တိုက်ကြခိုက်ကြတာအခုဆိုရင်နှစ်၆၀ကျော်ခဲ့ပြီစစ်ပွဲတွေမပြီးသေးပညာရေးပြုပြင်မှုတတိုင်းပြည်လုံးမလုပ်နိုင်သေးပေ။အနီးနားကတိုင်းပြည်တွေ တိုတက်ထွန်းကားသွားခဲ့ပြီ သူတို့ တွေကလက်နက်နဲစစ်မတိုက်တော့ ကော်ကျည်ဆံတွေကိုပညာဆိုသည်သေနပ်ထဲးထည့်ပစ်ကြတော့သည်။ကျွှန်တော်တို့ တိုင်းရင်းသားတွေပြည်တွင်းစစ်ထက်သေကြေကုန်ကြသည်။နိုင်ငံတိုင်းမှာမြန်မာတိုင်တိုင်းရင်သားပေါင်းစုံကျွှန်ခံနေကြရသည်။ထို့ ကြောင့်ယခုကြွရောက်လာသောတိုင်းရင်းသားခေါင်ဆောင်များ အမေစုနှင့်ဆွေးနွေးပြီးပြည်တွင်းစစ်ကြီးရပ်နိုင်အောင်ကြီုးစားကြပါ ပြီးရင်ကျွှန်တော်တို့ ပညာရေးပြုပြင်ပြောင်လွဲပြီး တန်ခိုးကြီးသောပြည်ထောင်မြန်မာနိုင်ငံတော်ကြီးတည်ဆောက်ကြရအောင်လာဗျာ။အားလုံးကိုလေးလေးစားတောင်ပန်တာပါသည်ခင်ဗျာ။စစ်ပွဲတွေရပ်ပြီးကျောင်တွေဖွင့်ကြရအောင်ကြိုးပေးကြပါလို့ ။။။။Aung Khin Zaw

Friday, July 1, 2016

သခင်ပညာ ကျွှန်ပညာ။

သခင်ပညာ၊ ကျွန်ပညာ
▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲
(ဆူဒိုနင်)
ကြေးမုံသတင်းစာတွင် လူမှုဘဝသရုပ်ဖော်ရသစာပေများကို အလျဉ်းသင့်သလို ဖော်ပြပေးလျက်ရှိပါသည်။ ထိုသို့ ဖော်ပြပေးရာတွင် စာဖတ်ပရိသတ်၏ နှလုံးသားတွင် စွဲထင်ကျန်ရစ်စေမည့် လူမှုဘဝဖြစ်ပျက်ပုံများကို ရသပေါ်လွင်အောင်ရေးသားကြသည့် ထင်ရှားသော စာရေးဆရာများအား ရွေးထုတ်ဖော်ပြပေးလျက်ရှိပါသည်။ ယခု အပတ်စဉ် စနေနေ့တိုင်းတွင် ''ပြောလည်း ပြောချင်တယ်၊ ပြောလည်းမပြောရဲဘူး'' ကဏ္ဍသစ်ကို ဖွင့်လှစ်၍ စာဖတ်ပရိသတ်အား အသိပညာ မျှဝေပေးထားပါသည်။ ထိုကဏ္ဍတွင် စာရေးဆရာ ဆူဒိုနင်၏ လူမှုဘဝအထွေထွေအပေါ် ရှုမြင်ချက်များကို ကြေးမုံသတင်းစာ
ဖတ်ပရိသတ်များ ပွင့်လင်းမြင်သာစွာ ဖတ်ရှုနိုင်ရန်အတွက် အပတ်စဉ်ဖော်ပြပေးခြင်းဖြစ်ပါသည်။
(စာတည်း)
ပြောလည်းပြောချင်တယ်၊ ပြောလည်းမပြောရဲဘူး
နိဒါန်း
၂၈-၆-၂ဝ၁၆ နေ့စွဲနဲ့ ထုတ်ဝေတဲ့ စောင့်ကြည့်သတင်းဂျာနယ်က သတင်း ဆောင်းပါးတစ်ပုဒ် စာအုပ်မျက်နှာစာ လူမှုမီဒီယာပေါ်တက်လာလို့ ဖတ်လိုက်ရ ပါတယ်။ ခေါင်းစဉ်က ''ရန်ကုန်တက္ကသိုလ်တွင် ၂ဝ၁၅-၁၆ ပညာသင်နှစ်၌ သမိုင်းဘာသာရပ်ဖြင့် တက်ရောက်သူ မရှိ''တဲ့။ဒါဟာ ပြီးခဲ့တဲ့ တစ်ပတ်မှာ ရေးခဲ့တဲ့ ကျွန်တော့်ရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ စာနှစ်ပုဒ်ရဲ့ အဆက်ကို ဖြစ်လာစေပါတယ်။
အင်္ဂါနေ့က အတွေးသတ်တဲ့ပညာရေးဖြစ်နေတဲ့အကြောင်းကို ယေဘုယျ တင်ပြခဲ့ပါတယ်။ စနေနေ့မှာကျတော့ အခြေခံပညာရေးက စတင်ပြုပြင်ဖို့ လိုတဲ့အကြောင်း တွေးကျင့်ကို မူကြိုမူလတန်းကစပြီး လေ့ကျင့်ပေးသွားပါမှ နယ်ပယ်စုံက လုပ်သားအင်အားစုဟာ ဦးနှောက်နဲ့ အင်အားတွေ ဖြစ်လာပြီး တိုင်းပြည်ဖွံ့ဖြိုးရေးနဲ့ စီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးမယ့် အကြောင်း ဇောင်းပေးဆွေးနွေးခဲ့ပါတယ်။ အခုတစ်ပတ် အဲဒီသတင်းဂျာနယ်ပါ သတင်းဆောင်းပါးကြောင့် ပညာရေး နဲ့ ပတ်သက်တဲ့ နောက်ထပ်ရှုထောင့်တစ်ခုကို အစထုတ်ချင်သွားပါတယ်။
ပညာရေး အလွဲရဲ့ မူလဘူတ
၁၉၆၄ ခုနှစ် ပညာရေးစနစ်သစ် စတင်ချိန်ကစပြီး အလွဲတွေ စပေါ် လာတာပါ။ အဲဒီ အလွဲကြီးကိုပဲ မီးလောင်ရာ လေပင့်ခဲ့ကြသူ အဲဒီခေတ်က စာရေးဆရာကြီးများလည်း ရှိပါတယ်။ တက္ကသိုလ်လမ်းညွှန်တို့၊ တက္ကသိုလ်ရွေးလိုသော်ဆိုတဲ့စာအုပ်တွေ ထုတ်ခဲ့ကြသပေါ့ဗျာ။ သူတို့က သြဇာရှိတဲ့ ဆရာကြီး တွေဆိုတော့လည်း ပရိသတ်က အဟုတ်မှတ်၊ ကျားကျား မီးယပ်လျှောက်လုပ် ကြတဲ့အခါ အလွဲသံသရာဟာ ၅၂ နှစ်တောင် တိုင်သွားခဲ့ပါပေါ့ ခင်ဗျာ။
၁၉၆၄ ခုနှစ်မတိုင်ခင်အချိန်အထိက ရန်ကုန်တက္ကသိုလ်ဟာ အာရှမှာ အကောင်းဆုံးတက္ကသိုလ် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတက္ကသိုလ်ကြီးက ဘွဲ့ရ တွေကိုလည်း ကမ္ဘာက အသိအမှတ်ပြုခဲ့ကြတယ်။ သို့ပေမယ့် ကံကဆိုးချင်တော့ ပညာကို တန်ဖိုးထားရကောင်းမှန်း မသိသူ၊ ခေတ်ပြိုင်ပညာတတ်တွေကို လွန်စွာမျက်မုန်းကျိုးသူက ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက် အအုံကိုပါ ဖြိုချဖျက်ဆီးပစ်လိုက်ပါတယ်။
ပညာရေးစနစ်သစ်ကို မိတ်ဆက်တော့ အဲဒီတော်လှန်ရေး ကောင်စီ အစိုးရ သက်တမ်းက နှစ်နှစ်သားပဲ ရှိသေးတယ်။ ရွှေဗမာတို့ရဲ့ မင်းလောင်းမျှော် သဘောထားအရသည် နှစ်နှစ်သား အစိုးရဟာဖြင့်ရင် သူတို့အတွက် ကောင်းခြင်းတွေကို ဆောင်ယူလာပေးလေမယ့် မင်းလောင်းအဖြစ် မြင်ကောင်း ဆဲပေါ့။ အဲဒီထဲမှာ စောစောက ပြောခဲ့တဲ့ သြဇာရှိ စာရေးဆရာကြီးတွေလည်း ပါခဲ့တာပေါ့။ သူတို့ကလည်း အဲဒီရွှေပညာရေး စနစ်သစ်ကြီးကို ဝိုင်းသြဘာပေးခဲ့တာ သမိုင်းမှာ အထင်အရှားပါ။
ငါးမျှားချိတ်ကို မမြင်တတ်ခဲ့သူများအဲဒီပညာရေးစနစ်ရဲ့ ငါးစာက တိုင်းပြည်ကို စက်မှုနိုင်ငံ ထူထောင်ရေး။ တကယ့် ငါးမျှားချိတ်က ဝိဇ္ဇာပညာ တိမ်ကောပပျောက်ရေး။ ပရိသတ်က ငါးစာကိုသာ အမိအရဟပ်ကြတယ်။ ငါးမျှားချိတ်ကိုတော့ ယနေ့ထက်တိုင် မြင်တဲ့သူ ရှားမယ် ထင်ပါတယ်။ ၅၂ နှစ်သာ ကြာခဲ့ပါတယ်။ တိုင်းပြည်လည်း စက်မှုနိုင်ငံ ဖြစ်ကိုမလာတာလည်း အထင်အရှား။
ဘယ်လိုပဲဖြစ်ဖြစ် ငါးစာဖြစ်တဲ့ စက်မှုနိုင်ငံထူထောင်ရေး အမြင်နဲ့ ကြည့်ရင် သိပ္ပံဘာသာရပ်တွေက အဓိကကျလာတယ်။ တစ်ပြည်လုံး သိပ္ပံ၊ သိပ္ပံဖြစ်ကုန်တယ်။ စိတ်ပါပါ မပါပါ၊ ဝါသနာပါပါ မပါပါ ဆရာဝန်၊ အင်ဂျင် နီယာဖြစ်ဖို့က တစ်ပြည်လုံးက ကျောင်းသား မိဘတွေနဲ့ ကျောင်းသားတွေရဲ့ အန္တိမရည်မှန်းချက်ပဲ။
ဆရာဝန် အင်ဂျင်နီယာမှ မဖြစ်နိုင်ဘူးဆိုရင်လည်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ တိရစ္ဆာန်ကုသရေးတို့က ဒုတိယဦးစားပေး၊ တတိယ ဦးစားပေးက ပညာရေးတက္ကသိုလ်၊ စီးပွားရေးပညာ၊ ဥပဒေပညာ၊ စတုတ္ထ ဦးစားပေးက သိပ္ပံဘာသာတွဲတွေ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ အစရှိတဲ့ သိပ္ပံဘွဲ့တွေ။ နောက်ဆုံးကျတော့မှ ဝိဇ္ဇာ ဘာသာရပ်တွေ။ အဲလိုတွေ ဖြစ်ကုန်တယ်။
ပိုလှသွားတာက တက္ကသိုလ်ဝင်ခွင့်ကို ဆယ်တန်းအောင်မှတ်နဲ့ ဖြတ်ချတဲ့ စနစ်။ အဲတော့ တိုင်းပြည်ရဲ့ အထက်မြက် အထူးချွန်ဆုံး စာသင်သားတွေဟာ သိပ္ပံသမားတွေ ဖြစ်ကုန်တယ်။ အချာဆုံး စာသင်သားတွေက ဝိဇ္ဇာသမားတွေ ဖြစ်လာတယ်။ ပြောရတာ အင်မတန်မှ အားနာလှပါရဲ့။ ကနေ့ တက္ကသိုလ်တွေက ဝိဇ္ဇာဌာနတွေ၊ သတ္တ၊ ရုက္ခဌာနတွေမှာ ပါမောက္ခ၊ ဌာနမှူးတွေ လုပ်နေကြ သူတွေ အကုန်လုံးမဟုတ်ရင်တောင် အများတကာ့ အများဆုံးတွေဟာ ဆယ်တန်းအတွက် စုစုပေါင်း အမှတ် ၆ဝဝ ပေးထားရာမှာ အမှတ်ပေါင်း ၃ဝဝ-၃၅ဝ လောက်နဲ့ အောင်လာခဲ့ကြသူတွေ၊ ဝိဇ္ဇာဌာနတွေမှာဆိုရင် သုံးရာ အောက်နဲ့ အောင်လာသူတွေ ဖြစ်နေတာလည်း အမှန်ပါပဲ။
ဘယ်သူမြတ်သလဲသည်အတွက် မြတ်တာကတော့ နိုင်ငံကိုအုပ်ချုပ် မင်းလုပ်နိုင်လောက်အောင် အရည်အချင်းရှိသူတွေ အရပ်သားထဲက လုံးဝပေါ်ထွက်မလာအောင် အလိုလို ဟန့်တားပြီးသား ဖြစ်သွားတာပါပဲ။
ပြောကြည့်မယ်ဗျာ။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံမှာ ပင်မ မဏ္ဍိုင်ကြီး သုံးရပ်ရှိတာ လူတိုင်းအသိပါ။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တရားဥပဒေပြုရေးပေါ့။ အဲဒီမဏ္ဍိုင်သုံးရပ်စလုံး ဘယ်နားလေးမှာများ သိပ္ပံ ပါပါသလဲ ခင်ဗျာ။ ပြီးတော့ တိုင်းပြည်တစ်ပြည်ရဲ့ တိုးတက်မှုမှာ အခရာကျတာ က စီးပွားရေးပါ။ အဲဒါကလည်း သိပ္ပံကိစ္စ မဟုတ်ပြန်ဘူး။ စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ စာနယ်ဇင်း မီဒီယာရော ခင်ဗျာ။ စက်ပစ္စည်းပိုင်းသာ သိပ္ပံဖြစ်ပေမယ့် တကယ် တင်ဆက်ထုတ်လုပ်မှုပိုင်းကတော့ ဝိဇ္ဇာဖြစ်တာကို ဘယ်သူမှ ငြင်းနိုင် မှာ မဟုတ်ပါဘူး။
ပညာရေး စနစ်သစ်ကြီးက နိုင်ငံရဲ့ လူတော်တွေအားလုံးကို သိပ္ပံမြောင်း ထဲ သိမ်းကျုံး တွန်းပို့ပေးလိုက်တယ်။ အားလုံးကလည်း ဘုမသိ ဘမသိနဲ့ အဲဒီသိပ္ပံမြောင်းထဲ တပျော်ကြီး ခုန်ချကြတယ်။ ကျွန်တော်တောင် အဲဒီ့ထဲ ပါခဲ့သေးတယ်။ နိုင်ငံအတွက် တကယ်အရေးကြီးတဲ့ ဝိဇ္ဇာနယ်မှာတော့ ကချ လာတွေ၊ ကိုယ်ရည်ကိုယ်သွေး နည်းသူတွေနဲ့ ဖြစ်ကုန်တယ်။
ပိုင်ပြီလေ။ သည်အခါမှာ ဟိုလူကြီး လက်သပ်မွေးခဲ့သူများရဲ့ အခန်း ကဏ္ဍက အလိုလိုအရောင်ထွက်လာတယ်။ သူတို့က အုပ်ချုပ်ရေး၊ ကွပ်ကဲရေး ပိုင်းကို တစ်ချိန်လုံး သင်ကြားလေ့ကျင့်ထားကြရသူတွေ၊ ရာထူး တစ်ဆင့်က တစ်ဆင့်တက်ဖို့တောင် အုပ်ချုပ်ရေးသင်တန်း၊ ကွပ်ကဲရေးသင်တန်းတွေ အလီလီ တက်ခဲ့ကြပြီးသား။ သည်အခါမှာ တိုင်းပြည်မှာ လစ်ဟာနေတဲ့ အုပ်ချုပ်စီမံမှု နေရာတွေကို သူတို့နဲ့ ဖြည့်တင်းထားလိုက်ကြပါတော့တယ်။
သူတို့တွေဟာ အုပ်ချုပ်ရေးမှာတော့ ဟုတ်တုတ်တုတ် ရှိပါရဲ့။ အတိအကျ ပြောရင်တော့ အုပ်ချုပ်ရေးဆိုတာထက် ကွပ်ကဲရေးဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူတို့အလုပ်ရဲ့ ပင်ကိုသဘာဝအရကို ခေတ်မီအုပ်ချုပ်စီမံရေး ပုံစံတွေဖြစ်တဲ့ ဒီမိုကရေစီနည်းကျ စီမံမှုပုံစံ၊ လွှတ်ပေးထားတဲ့ပုံစံတွေကို အချိုးညီညီ ကျင့်သုံး ဖို့ထက် အာဏာပေးတဲ့ ပုံစံ၊ နေရာတကာဝင်ပါ၊ ဝင်ဆုံးဖြတ်တဲ့ ပုံစံကိုသာ ပိုပြီး တတ်ကျွမ်းကြတာမို့ ကွပ်ကဲရေးလို့ ပြောလိုက်တာ ဖြစ်ပါတယ်။အဲဒီ့ ပုံစံတွေက သူတို့အဖွဲ့အစည်းအနေအထား ဂွပ်ခနဲ အံကျနေပေမယ့် နိုင်ငံ တစ်နိုင်ငံကို အုပ်ချုပ်စီမံရာမှာတော့ ဟန်မကျ လှပါဘူး။ (ဒါက လေ့ကျင့် သင်ကြားမှုအရ ပြောတာသာ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ သာစေ နာစေ သဘော မပါပါဘူး။) အဲသည်အတွက် တိုင်းပြည်မယ် အထိနာသွားရတာကတော့ စီမံခန့်ခွဲပုံ လွဲချော်မှုနဲ့တစ်ကွ လစ်ဟာကုန်တဲ့ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့ပဲ ဖြစ်ပါ တော့တယ်။ စီမံခန့်ခွဲပုံလွဲတော့ စီးပွားရေးက ထိုးကျသွားခဲ့တယ်။ တရား ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေမှာ ချာတူးလန်ကုန်တဲ့အတွက် တရားဥပဒေစိုးမိုးရေးက အားနည်းလာတယ်။ တစ်ဆက်တည်းမှာ စတုတ္ထမဏ္ဍိုင် ကိုပါ ပိတ်ဆို့ထားလိုက်တဲ့အခါ တိုင်းပြည်ဟာ စုန်းစုန်းနစ်သွားပါတော့တယ်။
သိပ္ပံသမားဟာ အခစား၊ ဝိဇ္ဇာသမားမှ သမ္မတ
ပြောရတာ သိပ်အားနာပါတယ်။ နိုင်ငံခြားက သိပ္ပံနဲ့ သက်ဆိုင်ရာ ဧတဒဂ်ဘွဲ့တွေ သုံလေးခု ကိုင်ထားသူများထဲက လုပ်ငန်းရှင်ဖြစ်လာသူ၊ စီးပွားရေး လုပ်ငန်းကြီးတွေကို ဦးစီးနေသူဆိုတာ ဘယ်နှယောက်များ တွေ့ဖူး ကြပါသလဲ။ အဲလိုလူတွေဟာ အခကြေးငွေအမြင့်ဆုံးရတဲ့ လုပ်ခစားတွေ ချည်းပါပဲ။ တစ်နည်းပြောရရင် ကျွန်တွေပါပဲ။ အင်ဂျင်နီယာကြီးပဲ ဖြစ်ဖြစ်၊ ပါရဂူ ဆရာဝန်ကြီးပဲဖြစ်ဖြစ်၊ ကမ္ဘာ့ အသိအမှတ်ပြုတက္ကသိုလ်ကြီးတစ်ခုခုက ပါမောက္ခကြီးပဲဖြစ်ဖြစ် သူတို့တွေဟာ လုပ်ခအကြီးဆုံးရနေကြတဲ့ အခစားတွေ က များပါတယ်။ ဂုဏ်ကတော့ မြင့်ပါတယ်။ ဒါပေမယ့် အုပ်ချုပ်သူ လူတန်းစား မှာတော့ပါလေ့မရှိပါဘူး။ ပါလိုစိတ်လည်း ပါးလျသွားပါတယ်။ ပညာကို တန်ဖိုးထားမိလေပြီကိုး။ အဲတော့ ဥပဒေပညာရှင်ကလွဲရင် ကျန်ပညာရှင် တွေဟာ သခင်ဖြစ်ကိန်း နည်းပါးလှပါတယ်။
နိုင်ငံအသီးသီးက နိုင်ငံ့ခေါင်းဆောင်တွေကိုကြည့်လိုက်ရင်တော့ မြင်ပါလိမ့်မယ်။ ကမ္ဘာကျော် မဟတ္တမဂန္ဓီရော၊ နယ်လဆင်(န်) မယ်(န်)ဒဲလားပါ ရှေ့နေအတတ်နဲ့ အသက်မွေးခဲ့ကြတဲ့ ဥပဒေပညာ (ဝိဇ္ဇာ)ပညာကို သင်ယူ တတ်မြောက်ထားကြသူများ ဖြစ်ပါတယ်။ စင်ကာပူကို ထူထောင်ခဲ့တဲ့ လီကွမ်ယု၊ လက်ရှိ အမေရိကန် သမ္မတ၊ အခုသမ္မတရွေးကောက်ပွဲဝင်မယ့် ဟီလာရီ၊ သူ့ခင်ပွန်း သမ္မတဟောင်း ဘီ(လ်) ကလင်တန်တို့ဟာလည်းပဲ ဥပဒေကို သင်ယူတတ်မြောက်ထားကြပါတယ်။ အခု ဥရောပသမဂ္ဂက ထွက်ဖို့ဘက်ကို မဲတင်းသွားတဲ့ ဆန္ဒခံယူပွဲကြောင့် ရာထူးက နုတ်ထွက်တော့မယ့် ဗြိတိသျှ နန်းရင်းဝန် ဒေးဗစ်(ဒ်) ခယ်မရာ(န်)ကျတော့ ဒဿနိက၊ နိုင်ငံရေး၊ စီးပွားရေး ဘာသာရပ်အထူးပြုများနဲ့ ဝိဇ္ဇာဘွဲ့ရရှိသူ ဖြစ်ပါတယ်။ လက်ရှိ ထိုင်ဝမ် အမျိုး သမီး သမ္မတကတော့ ဥပဒေ ပါမောက္ခပါ။ ထိုင်းနိုင်ငံရဲ့ လူထုရွေးကောက်မှုနဲ့ နောက်ဆုံးတက်လာခဲ့သူ ဝန်ကြီးချုပ်ဟောင်း ရင်လတ် ရှင်နာဝပ်ထရာ ဆိုရင်လည်း ဝိဇ္ဇာဘွဲ့ကို နိုင်ငံရေးသိပ္ပံ၊ လူထုအုပ်ချုပ်ရေး ဘာသာရပ်သင် ကျောင်းက ရရှိခဲ့တာဖြစ်သလို မဟာဝိဇ္ဇာဘွဲ့ကို လူထုအုပ်ချုပ်ရေး ဘာသာနဲ့ ရခဲ့သူဖြစ်ပါတယ်။ ရောမမြို့ရဲ့ သက်တမ်း နှစ်ပေါင်း ၂၈ဝဝ အတွင်း ပထမဆုံး အမျိုးသမီး မြို့တော်ဝန်အဖြစ် မကြာသေးခင် ရက်ပိုင်းအတွင်းက ရွေးကောက် တင်မြှောက်ခံခဲ့ရသူ အမျိုးသမီးကလည်း ဥပဒေဘွဲ့ရ ရှေ့နေပဲခင်ဗျ။
အရာတိုင်းမှာြ>ွခင်းချက်ရှိစမြဲမို့ လက်ရှိဂျာမနီ နန်းရင်းဝန် အိန်ဂျလာမာ ကယ်လ်ဟာဖြင့် သိပ္ပံပါရဂူဘွဲ့ရထားသူ ဖြစ်ပါတယ်။ ပါရဂူအဆင့်လောက် ရောက်ပြီဆိုရင်တော့ သိပ္ပံသမားလည်း ပုံသေကားချ မဟုတ်တော့ဘဲ ကျိုးကြောင်း ဆင်ခြင်စွမ်းပိုကြီးလာတဲ့သဘော ကို တွေးမိရတယ်။ နောက်ပြီး တော့ လက်ရှိ ကိုရီးယားသမ္မတ အမျိုးသမီးသည်လည်း သိပ္ပံဘွဲ့ရပါပဲ။ သူကကျ တော့ အဖေ သမ္မတရော၊ အမေ သမ္မတကတော်ပါ လုပ်ကြံခံခဲ့ရဖူးတာမို့ လူထုရဲ့ ကရုဏာကို ရထားသူဆိုတဲ့ အရှိန်လေးရှိနေတာရယ်၊ ရုရှားဘာသာ စကားကို မွှတ်နေအောင် ပြောတတ်တဲ့အတွက် ဆုတွေတသီကြီးရဖူးတဲ့ အချက် (ဝိဇ္ဇာပညာနဲ့ ယဉ်ပါးမှု) ရယ်ကို ထည့်တွက်ဖို့ လိုမလား မသိဘူး။
စင်ကာပူရဲ့ ပါးနပ်မှု
ဝိဇ္ဇာရဲ့တန်ဖိုးကို စင်ကာပူက ကောင်းကောင်းသိတယ်။ စင်ကာပူ နိုင်ငံတော်တက္ကသိုလ်မှာ ဘယ်သိပ္ပံဘာသာရပ်ကိုမဆို အရည်အချင်းမီရင် ဘယ်နိုင်ငံသားမဆို တက်ခွင့်ရှိပေမယ့် ဘယ်ဝိဇ္ဇာဘာသာရပ်ကိုမှ ဘယ်လောက် ထူးချွန်တဲ့ နိုင်ငံခြားသားဖြစ်ပါစေ တက်ခွင့်မပေးပါဘူး။ ဒါဟာ စင်ကာပူနိုင်ငံရဲ့ ပါးနပ်မှုပါပဲ။
ရည်ရွယ်ချက်က အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးပိုင်းမှာ စင်ကာပူနိုင်ငံသား တွေသာ နေမယ်။ သူတို့ကသာ အရှင်သခင်ဖြစ်ရမယ်။ သူတို့ခိုင်းတာ လုပ်မယ့် တခြား ပညာရှင်တွေ (ဝါ) ကျွန်တွေကတော့ တခြားနိုင်ငံသားတွေသာ ဖြစ်နေလည်း ကိစ္စမရှိဘူးဆိုတဲ့ သဘောပဲဆိုတာ ထင်ရှားပါတယ်။
လူတွေ စဉ်းစားကြ၊ စဉ်းစားကြ
သွားလေသူရောင်းရင်းကြီး ကိုမောင်သစ်မင်း ရေးခဲ့တဲ့အတိုင်း ကျွန်တော်တို့ လူတွေ စဉ်းစားကြဖို့ အချိန်တန်ပါပြီ။ ဝိဇ္ဇာ နောက်တန်းပို့ရေး စီမံကိန်းမဟာကြီးဖြစ်လေတဲ့ ဆိုရှယ်လစ်ပညာရေးကြီးရဲ့ အကျိုးဆက်ကို တပြည်လုံး ခံစားခဲ့ကြရပါပြီ။ အဲဒါကြီး ဆက်သွားနေပြီး ၆ ဘာသာ ဂုဏ်ထူးရှင် များစွာ၊ အမှတ်ပေါင်း ၅ဝဝ ကျော် ရထားသူများစွာဟာလည်း ပတ်ဝန်းကျင်ရဲ့ တန်ဖိုးထားမှုအတိုင်း ရေတိုအတွက် တွက်ဆထားတဲ့ အခစား လမ်းကြောင်းပေါ် ဆက်သွားနေကြပါလိမ့်မယ်ဆိုရင်ဖြင့် ကျွန်တော်တို့ နိုင်ငံဟာ ဖွတ်သထက် ညစ်ကုန်ပါလိမ့်မယ်။
ထူးချွန်ထက်မြက်သူ လူငယ်လေးတွေကို နိုင်ငံတကာ အဆင့်မီ ဝိဇ္ဇာ ဘာသာရပ်များ သင်ယူရေးအတွက် တိုက်တွန်းအားပေးကြဖို့ လိုပါပြီ။ အားသာချက်တစ်ချက်က ဝိဇ္ဇာပညာရပ်ဟာ နိုင်ငံတကာ တက္ကသိုလ်များထံမှ စာပေးစာယူ စနစ်၊ အင်တာနက်မှတစ်ဆင့် သင်ယူတဲ့ စနစ်များနဲ့ ရယူ သင်ကြားဖို့ ခုကာလမှာ မခက်ခဲတော့ပါဘူး။
ကိုယ့်သားသမီးကို ကျွန်ဖြစ်စေချင်လား၊ သခင်ဖြစ်စေချင်လားလို့ သွားမေးရင် မေးတဲ့သူကို ဂြိုဟ်ကြည့် ကြည့်ကြမှာပါ။ ဒါပေမယ့် ကိုယ်ရွေးပေး၊ ကိုယ်ဇောင်းပေးတဲ့လမ်းက ကိုယ့်သားသမီးအတွက် ဘယ်လမ်းမျိုးဖြစ်မယ် ဆိုတာကို မိဘတိုင်း ဆင်ခြင်သင့်ကြပြီ ဖြစ်တဲ့အကြောင်း မရဲတရဲနဲ့ ပြောကြည့် လိုက်ပါတယ်။ အားလုံးအတွက် တွေးဆ ဆင်ခြင်စရာ တစ်စုံတစ်ရာ ရသွား မယ်လို့ မျှော်လင့်နေမိကြောင်းပါခင်ဗျား။