Friday, January 22, 2016

ပါရဂူတဦးနှင့်သူ၏ကျမ်း

( ပါရ၈ူတဦးနှင့် သူ၏ကျမ်းပြုစုခြင်း )
***********************
.
.
အပိုင်း (၁)
*********
ကျွန်တော်တို့ စက်မှုတက္ကသိုလ်ကျောင်းတက်စတွင် ]စာတမ်း} (Term paper) ရေးသည်၊ စာတမ်း ရေးခြင်း၏ ပထမဦးဆုံးသော အတွေ့အကြုံဖြစ်၏။ B. Arch ဟူသော Bachelor မှာပင် "Thesis" ဟူသည့် ကျမ်းပြုစုခြင်းကို ဆောင်ရွက်ခဲ့ရသည်။ တက္ကသိုလ်နောက်ဆုံးနှစ်၌ ကျမ်းပြုစုခြင်းကို နောက်ဆုံး (၆) လတွင် ပြုလုပ်ရပြီး ရှေ့ (၄) လတွင် Project နှစ်ခုကို လုပ်ရခဲ့သည်။ နောက်ပိုင်း Master, Ph. D များတွင် ဆက်လက်၍ ကျမ်းရေးရသောအခါ များစွာ မထူးဆန်းပါတော့ချေ။ အခါအခွင့်ရ၍ လူငယ်များကို ပညာများ ပြန်ဖြန့်ဖြူးခွင့်ရသောအခါ (၉) လ ဒီပလိုမာတွင် Term paper စာတမ်းများကိုရေးစေပြီး၊ Master တန်းတွင် စာတမ်းများနှင့် ကျမ်းရေးခိုင်းကာ၊ Ph. D တွင် ကျမ်းရေးစေခဲ့ပါ၏။ အတော်များများ အရေအတွက်မှာ စာတမ်းနှင့်ကျမ်းကို ခွဲခြားသိမြင်နိုင်မှု မရှိခဲ့သည်ကို ဝမ်းနည်းစွာ တွေ့လိုက်ရသည်။ ရှေးယခင်က ပါရ၈ူတန်း တွင် Ph. D ဟူသောဘွဲ့ကသာ ထင်ရှားပြီး (အချို့နိုင်ငံများတွင် အဆင့်တူ ဘွဲ့အမျိုးစားရှိပါသည်) ခေတ်သစ် တွင် D. xxx ဟူ၍ Doctor of xxx ဟူ၍ ခေတ်စားလာပါ၏။ မည်သည့်ကဏ္ဍမှ ပါရ၈ူဟူ၍ တိုက်ရိုက် သိစေ လိုသောကြောင့် ဖြစ်နိုင်ပါသည်။ ဥပမာ DBA – Doctor of Business Administration ၊ DBA သည် လည်း ပါရ၈ူဘွဲ့ပင် ဖြစ်သော်လည်း Ph. D မျှလောက် ဂုဏ်ဒြပ်ဝင့်ထည်မှု တင်းပြည့်ကျပ်ပြည့် မရှိချေ၊
.
.
What is Term paper ?
*****************
A long piece of written work that a student does on a subject that is part of a course of study.
စာတမ်း၏ အဓိက အဓိပ္ပာယ်မှာ “လေ့လာမှုတစ်ခုထဲမှ အပိုင်းတစ်ပိုင်း” ဖြစ်ပါသည်။
.
.
What is "Thesis" ?
***************
A long piece of writing completed by a student as part of university degree based by their own research.
ဤကျမ်း၏အဓိပ္ပာယ် အဓိကပိုင်းမှာ တက္ကသိုလ်ဘွဲ့တစ်ခုခုအတွက် သူတို့၏ သုတေသနဆိုင်ရာပေါ် အခြေခံသောအပိုင်း ဖြစ်ပါ၏။
.
.
What is "Dissertation" ?
********************
A long piece of writing on a particular subject, especially one written for a university higher degree for new concept and theories.
ဤကျမ်း၏ အဓိက အဓိပ္ပာယ်ပိုင်းမှာ သတ်မှတ်ထားသော ဘာသာရပ်အပေါ် (အထူးပြုလိုသည့် ဘာသာရပ်)၊ တက္ကသိုလ်မှ အဆင့်မြင့်ဘွဲ့ဒီဂရီအတွက် သဘောတရားရေးရာနှင့် သီအိုရီအသစ်တို့ကို ရှာဖွေ ထုတ်ဖော် ရေးသားခြင်းဖြစ်သည်။
အထက်ပါဖွင့်ဆိုချက်များမှာ ယေဘုယျ သဘောထားမျှသာဖြစ်ပြီး ကွဲပြားသောနိုင်ငံများတွင် တစ်ကျောင်း တစ်ဂါထာ ဖြစ်ပါသည်၊ အချို့က Thesis ကို ကျမ်းဟု မသတ်မှတ်၊ ဘွဲ့လွန်စာတမ်းဟုသာ သတ်မှတ်ကြသည်၊ သို့သော်လည်း မိမိတို့ ကျောင်းသားဘဝကပင် မြန်မာနိုင်ငံ၌ Thesis ကို ကျမ်းဟုသာ သုံးစွဲ ကြပါ၏။ Dissertation ဟူသောအသုံးသည် မိမိတို့ ငယ်စဉ်ကာလတွင် များစွာ ခေတ်မစားလှသေး၊ Ph. D နှင့် အဆင့်တူဘွဲ့များတွင် အသုံးများပြီး၊ ဘွဲ့အတွက် (ပါရ၈ူဘွဲ့အတွက်) တင်သွင်းရသော အသေးစိတ်စာတမ်း (ကျမ်း)ဟု ဆိုကြပါသည်။
မိမိတို့ ကျောင်းသားဘဝက D.S (Doctor of Science) ၊ D.Eng (Doctor of Engineering) ဟူသောဘွဲ့ကို ဆရာများထံတွင် တွေ့ခဲ့ရသည်၊ စီးပွားရေးစီမံခန့်ခွဲမှုပညာ ခေတ်စားလာသည့်အခါ D.BA (Doctor of Business Administration) ဟူ၍ အချို့တက္ကသိုလ်၊ ကောလိပ်များက ပေးအပ်လာခဲ့ကြသည်၊
အချို့အနေဖြင့် တက္ကသိုလ် (University) ကသာ ဘွဲ့ပေးအပ်၍ရပြီး ကောလိပ် (College) က ဘွဲ့ ပေးအပ်၍မရဟု အသိနည်းပါးစွာ ဝေဖန်ကြသည်များကိုလည်း တွေ့ရပါ၏၊ Website များတွင် ရှာဖွေကြည့်ပါ ဟုသာ အလွယ်ဆုံး အကြံပေးလိုပါသည်၊ တက္ကသိုလ်တိုင်းက ဘွဲ့ပေးနိုင်ကြသည်မှန်သော်လည်း ကောလိပ်တိုင်း ဘွဲ့မပေးနိုင်ဟူသည်က မှန်ကန်မှုမရှိပါ၊ အမေရိကန်စနစ်ကိုလိုက်သော ကောလိပ်များ ဘွဲ့ပေးနိုင်ကြပါသည်၊ ပညာရေးဌာနက သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်ပြည့်စုံသော ကောလိပ်များအနေဖြင့် အစစ်ဆေးခံ၊ အတည်ပြုချက်ယူပြီး ဘွဲ့ပေးနိုင်ကြပါ၏။
စာသင်ကြားချိန်နှင့်ပတ်သက်၍ ဥပမာ MBA ပုံမှန်တန်းကို (၂) နှစ်ဖြင့် သင်ကြားလေ့ရှိကြသည်၊ ဘာသာအရေအတွက်မှာ ကျောင်း၏ဆုံးဖြတ်ချက်ပေါ် မူတည်သည်၊ Intensive Course များတွင်မူကား (၁) နှစ်ဖြင့်ပြီးအောင် သင်ကြသည်၊ ပုံမှန်ကိုပင် အချို့ တစ်နှစ်ခွဲဖြင့် သင်ကြားနေကြသော တက္ကသိုလ်များ မနည်း ကြတော့ချေ၊
.
.
လူတစ်ဦး ဘယ့်နှစ်ဘွဲ့ရနိုင်သနည်း ?
****************************
လိုချင်သလောက်ရနိုင်သောခေတ် ဖြစ်ပါသည်ဟုသာ ဆိုရပါလိမ့်မည်။ ဥပမာ MBA တက်နေသော ကျောင်းသားတစ်ဦးသည် တစ်နေ့လုံး တက်နေရသည်မဟုတ်၊ တစ်ပတ်လုံးလည်းမဟုတ်၊ (အဓိကအားဖြင့် Course တစ်ခုလုံး သင်ကြားချိန်ကို နာရီအရေအတွက်ဖြင့်သာ သတ်မှတ်ထားပြီး ယေဘုယျအားဖြင့် နာရီ ပေါင်း ၅ဝဝ-၇ဝဝ ခန့်ရှိပါသည်)။ ထိုကြောင့် လိုက်ပါနိုင်လျှင် ဘွဲ့ (၂) ခု၊ (၃) ခုကို တစ်ပြိုင်တည်း ရယူနိုင်နေ သောခေတ်ဖြစ်ပါ၏။ မခံချင်စိတ်ဖြင့် ကြိုးစားသော မိမိထံမှ ကျောင်းသားတစ်ဦးသည် (၂) နှစ်ပိုပို ဟူသော ကာလအတွင်း Master (၂) ဘွဲ့နှင့် Diploma (၂) ခုကို အခြားကျောင်းများတွင်တက်၍ ပြီးအောင် ရယူ သွားသည်ကို တွေ့ရသည်၊ အတော်များများက (၂) ဘွဲ့လောက်ကို (၂) နှစ်ဟူသော အချိန်အတွင်း ရယူသွားနိုင် ကြသည်ကို တွေ့ရသည်။ ထိုကြောင့် အလုပ်မလုပ်ဘဲ ပညာရေးသက်သက်ကိုသာ ဆောင်ရွက်မည်ဆိုပါက (၁ဝ) နှစ်အတွင်း ဘွဲ့ပေါင်းများစွာကို ရယူနိုင်ခွင့်ရှိသောခေတ် ဖြစ်လာနေပါသည်ဟုသာ ဆိုရပါလိမ့်မည်။
Master အဆင့်တွင် ပထမဘွဲ့အတွက် ဘာသာများကို ပထမ (၂) နှစ်တွင် သင်ကြားရပါသော် လည်း ထပ်မံရယူလိုသော အထူးပြုဘာသာရပ်အတွက် နောက်ထပ် Master ကို ထိုမျှလောက် သင်ကြားရန် မလိုတော့ပါချေ၊ Credit Transfer ဖြင့် မိမိအထူးပြုလိုသည့် ဘာသာရပ်နှင့်ဆိုင်ရာ လေး၊ ငါး၊ ခြောက် ဘာသာရပ်ကိုသာ သင်ကြားရန် လိုပါတော့သည်၊
.
.
ပါရ၈ူဘွဲ့အတွက် လိုအပ်ချက်
************************
ပါရဂူဘွဲ့ကို ပညာရေးတွင် အမြင့်ဆုံးဘွဲ့ဟု သတ်မှတ်ထားကြပါသည်၊ ရိုးရိုးအဆင့်မီ ကျမ်းဖြစ်ရေး၍ ပါရ၈ူရယူသွားကြသူများ အရေအတွက်က ပို၍များသည်ဟု လေ့လာမှုများက ဆိုထားပါ၏။ အမှန်တကယ်က သီအိုရီအသစ်၊ အယူအဆသစ်များကို ထုတ်ဖော်ပေးရမည့်အဆင့် ဖြစ်ပါသည်၊ အခြေခံလိုအပ်ချက်မှာ မဟာဘွဲ့ (Master degree) ရရှိပြီးသူ ဖြစ်ရပါမည်။ မိမိတို့ငယ်စဉ်က အမှတ်ကောင်းမှ၊ ရွေးချယ်ခံရမှ တက်ရောက်ခွင့် ရှိကြသော်လည်း၊ ယခုခေတ်တွင် ဝင်ခွင့်စာမေးပွဲ ဖြေဆို၍အောင်မြင်ပါက တက်ရောက်ခွင့် ရှိလာခဲ့ပါသည်၊ ထိပ်တန်းကျောင်းကြီးများတွင် ဝင်ခွင့်ဖြင့် သတ်မှတ်ထား၍ ကျန်သောကျောင်းများတွင် ဝင်ခွင့်ပင် သတ်မှတ် ထားသည်ကို မတွေ့ရပါ။ သို့သော်လည်း ကျမ်းအဆင့်မမီလျှင်တော့ ဘွဲ့မရနိုင်ပါချေ။
ကျမ်းပြုစုရာတွင် ပါရ၈ူအတွက် ယေဘုယျအားဖြင့် (၃) နှစ် အချိန်ပေးထားပါသည်၊ လိုအပ်ပါလျှင် ထပ်မံတိုးယူခွင့် ရှိပါသည်။ အချိန်ပိုင်း ကျမ်းပြုစုသူများအတွက်မူ (၅-၈) နှစ်အထိ ရလေ့ရှိကြပါ၏။ Term paper အဆင့်တွင် ခေါင်းစဉ်အတည်ပြုချက်ရပြီး သတ်မှတ်ထားသော စာလုံးအရေအတွက် ပြည့်မီလျှင် စာတမ်းတင်၍ ရပါသည်၊ Thesis အဆင့်တွင် ကြီးကြပ်သူ Supervisor လိုအပ်လာပါသည်၊ ကြီးကြပ်သူနှင့် မကြာခဏ တွေ့ဆုံဆွေးနွေးရန် လိုအပ်ပါသည်။ သတ်မှတ်ချိန်အတွင်း ကျမ်းတင်ပြီး လူတွေ့ ခုခံချေပမှု ပြုရ ပါ၏၊ Oral defend ဟု အသိများသည်။ ဘုတ်အဖွဲ့က မိမိတို့ရေးသောကျမ်းကို လေ့လာပြီး မေးခွန်းများ မေး၍ ကျမ်းတင်သူက ဖြေကြားရပါ၏။ ကျေနပ်မှုရှိလျှင် ပြီးပါသည်၊ ကျေနပ်မှုမရှိပါက သူတို့၏ အကြုံပြုချက်များကို မှတ်သားကာ ကျမ်းကိုပြန်၍ ဖြည့်စွက်ပြုပြင်ပြီး နောက်တစ်ကြိမ် ထိုင်ရပါသည်၊ များသောအားဖြင့် (၃) ကြိမ် အများဆုံးခန့်မျှသာ ဖြစ်ပါသည်၊ အဆင့်မမီလျှင် နောက်ထပ် ကာလတစ်ခုတိုး၍ ပြန်ရေးစေပါ၏။
စက်မှုတက္ကသိုလ်ကျောင်းသားဘဝက မိမိရေးမည့် အထူးပြုဘာသာရပ်နှင့် ဆိုင်ရာအကြီးအကဲကို ဘုတ်အဖွဲ့တွင် ပါဝင်စေပါသည်။ "Client" ဟု သုံးပါသည်၊ Supervisor, Client အပါအဝင် ဆရာကြီးများ ပါသော ဘုတ်အဖွဲ့က လူတွေ့ စစ်မေးကြပါသည်။ ချွေးပြန်ရသောအချိန်ဖြစ်၍ "Oral" အချိန်သည် ကျမ်းရေး တစ်လျှောက်လုံး အခက်အခဲအရှိဆုံးအချိန်ကို ဖြတ်သန်းကြရသည်ဟု ဆိုစမှတ်ပြုကြပါသည်။
ခေတ်သစ်တွင်မူ "Client" နေရာ၌ "Director of Studies" ဟူ၍ ဖြစ်လာပါ၏။ Supervisor က ကျမ်းတစ်ခုလုံးနှင့်ဆိုင်ရာတွင် အနီးကပ်တာဝန်ရှိသော ကြီးကြပ်သူဖြစ်လာပြီး၊ Director of Studies က သက်ဆိုင်ရာ ပရော်ဖက်ရှင်နယ်နှင့်ပတ်သက်၍ အချက်အလက်၊ အခြေအနေ၊ နည်းပညာများကို ပံ့ပိုးပေးရသူ ဖြစ်ပါသည်၊ လူတွေ့စစ်ဆေးသည့် ဘုတ်အဖွဲ့တွင် ဆရာကြီးများ၊ Supervisor ၊ Director of studies တို့ ပါဝင်ကြပါသည်၊ မိမိ သတိပြုမိသည့်အချက်မှာ ယနေ့ ပါရ၈ူတန်း၌ ဖြတ်သန်းရသောပုံစံမျိုးကို မိမိတို့ခေတ်က သာမန်ဘွဲ့မှာပင် ဖြတ်သန်းခဲ့ရခြင်း ဖြစ်ပါ၏။
ဌာနအချို့၏ အကူအညီတောင်းခံမှု ဖြင့်ပါရဂူသင်တန်းအချို့၏ လူတွေ့စစ်ဆေးခြင်း၌ ပါဝင်ခွင့်ရ ခဲ့ပါ သည်။ Director of studies ကို မတွေ့ရပါ။ အလားတူဖြစ်သော "Client" ကိုလည်း မတွေ့ ရပါ၊ အချို့ကျမ်းများသည် အတော်ပင် ဝမ်းနည်းဖွယ်ရာကောင်းစွာ ပြီးသလို ရေးထားကြသည်များကိုလည်း သတိပြုမိ သည်၊ ပို၍ဆိုးသည်မှာ ကျမ်းကို အခကြေးငွေပေး၍ ကျမ်းရေးစားသူများထံ အပ်နှံကြကြောင်း လည်း တွေ့ရပါသည်၊ လူတွေ့စစ်မေးရာတွင် များစွာ သိသာလှပေသည်။ ယူမည့်ဘွဲ့က ပါရ၈ူဘွဲ့ဖြစ်၍ များစွာ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်သင့်သည်ဟု ထင်မြင်ပါသည်။ ထက်မြက်မှုခြင်း ပြိုင်ဆိုင်ရသော ခေတ်တွင် ပါရ၈ူဘွဲ့အဆင့်၌ စက်ထုတ်ပါရ၈ူဘွဲ့များ ဖြစ်နေမည်ဆိုပါက … လက်တွေ့တွင် ကောင်းစွာ အသုံးပြု ထောက်ပံ့ နိုင်မည့်ပါရ၈ူများ ဖြစ်လာမည်မဟုတ်ပါ။
ပါရဂူဘွဲ့ဟူသည် ပညာရေးလောကတွင် အမြင့်ဆုံးသောဘွဲ့ဖြစ်သည်ဟု အားလုံးက သတ်မှတ်ထားကြ သဖြင့် သူ၏အထူးပြုဆိုင်ရာ ဘာသာရပ်တွင် ဆရာတစ်ဆူ ဖြစ်ရပါလိမ့်မည်။ မြန်မာ့ပညာရေးလောက နိမ့်ပါးရ ခြင်းမှာ ဘွဲ့အဆင့်များ (Bachelor, Master, Doctoral) တိုင်းတွင် စံချိန်မီမှု များစွာလျော့နည်းနေခြင်း ဖြစ်သည်။ Term paper, Thesis, Dissertation ကိုပင် ခွဲခြားသိမြင်မှုမရှိဘဲ ပါဝင်ရမည့်အင်္ဂါရပ်များကိုလည်း အချို့ နားရည်ပင်မဝ ကြသေးသည်ကို တွေ့ရခဲ့ပါ၏။
.
.
Frame Work
************
ကျမ်းတစ်ခုသည် ပုံစံတစ်ခုထဲ၌ ရှိနေရပါမည်။
Declaration
Acknowledgement
Table of Contents
Executive Summary
Introduction
Literature Review
Research Methodology (Case Study)
Analysis and Findings
Conclusion
References
Bibliography
ဟူ၍ အနည်းဆုံး ပါဝင်ရပါလိမ့်မည်။
မြန်မာနိုင်ငံကျမ်းများတွင် Declaration ထည့်ရန်မလိုဟု သိလိုက်ရပါ၏။ ကျမ်းတစ်ကျမ်းသည် ကိုယ်တိုင်ရေးကျမ်း ဖြစ်ရပါလိမ့်မည်။ ကိုးကားမှုအချို့မှလွဲ၍ (ကိုးကားလျှင်လည်း မူရင်းကို ဖော်ပြရပါသည်) ကျန်အားလုံး ကိုယ်တိုင်ရေးဖြစ်ကြောင်း၊ အပိုင်းတစ်ပိုင်းမျှကိုပင် ကူးယူခြင်းမပြုပါကြောင်း ကြေညာခြင်း ဖြစ်ပါ၏။ ဤသို့ ကြေညာခြင်းမပြုခိုင်းမှုမှာ ဆန့်ကျင်ဘက်မှတွေးလျှင် ကူးယူခွင့်ပေးထားသလားဟု မေးရန် ဖြစ်လာပါသည်။ ဤအချက် အရေးကြီးစွာ ပြင်ဆင်သင့်ပါသည်။

(ဆက်ရန်)
နေဇင်လတ် ၁၆-၁-၂ဝ၁၆ (၁၆၆၁)

No comments: